စကော့တလန်ဝန်ကြီး နီကိုလာ စတာဂျီယွန်က ဗြိတိန်လက်အောက်မှ စကော့တလန်ခွဲထွက်ရေး ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲ ပြုလုပ်နိုင်ရေး ခွင့်ပြုချက်တောင်းခံသွားမယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ၂၀၁၈ ခုနှစ် ဆောင်းဦးနဲ့ နောက်တစ်နှစ် နွေဦးရာသီကြားကာလအတွင်း ပြုလုပ်သွားလိုကြောင်း စတာဂျီယွန်က ဆိုပါတယ်။
ဗြိတိန်က ဥရောပသမဂ္ဂမှ နုတ်ထွက်ရန်မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် စကော့တလန်ရဲ့ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် လိုအပ်လာကြောင်း စတာဂျီယွန်က ပြောပါတယ်။
စတာဂျီယွန် (Nicola Sturgeon) က လာမယ့် သီတင်းပတ်အတွင်း စကော့တလန်ပါလီမန်ကို လူထုဆန္ဒခံယူပွဲအတွက် ခွင့်ပြုချက်တောင်းခံသွားမယ်လို့ သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ စကော့တလန်ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ခွင့်ပြုချက်ပေး မပေး ပြောကြားခြင်း မရှိသေးပါဘူး။ ထရီဆာမေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က စကော့တလန်ရှိ ပြည်သူအများစုဟာ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို ဒုတိယအကြိမ် ပြုလုပ်ရန် မလိုလားကြကြောင်း စတာဂျီယန်ရဲ့ ကြေညာမှုအပေါ် တုံ့ပြန်ပြောကြားပါတယ်။
ဗြိတိန်လက်အောက်မှ စကော့တလန်ခွဲထွက်ရေး ပထမအကြိမ် လူထုဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့ရာ ကန့်ကွက်မဲ ၅၅ ရာခိုင်နှုန်း၊ ထောက်ခံမဲ ၄၅ ရာခိုင်နှုန်းဖြင့် ပြည်သူတွေက ပယ်ချခဲ့ကြပါတယ်။ စကော့တလန်အစိုးရက ဗြိတိနိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်သွားပါကလည်း စကော့တလန်က ဆက်ရှိနေမယ့် အဆိုပြုချက်တစ်ရပ်ကိုလည်း တင်ပြထားကြောင်း သိရပါတယ်။
စကော့တလန်ဟာ ဗြိတိန်ရဲ့အစိတ်အပိုင်းအဖြစ် တည်ရှိနေပြီး တောင်ဘက်မှာ အင်္ဂလန်နဲ့ နယ်နမိတ်ထိစပ်နေကာ အခြားဘက်မှာတော့ အတ္တလန်တစ်သမုဒ္ဒရာက ဝန်းရံထားပါတယ်။ စကော့တလန်မှာ ကျွန်းပေါင်း ၇၉၀ ပါဝင်ဖွဲ့စည်းထားပါတယ်။ မြေပြင်ဧရိယာ အကျယ်အဝန်း ၃၀,၀၉၀ စတုရန်းမိုင်ရှိပြီး ၂၀၁၅ ခုနှစ် စာရင်းများအရ လူဦးရေ ၅.၃ သန်းကျော် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။