Monday, March 13, 2017

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ကို ဂျပန်က အကြီးဆုံး စစ်သင်္ဘော စေလွှတ်မည်

အစ်ဇူမိုစစ်သင်္ဘောဟာ ဂျပန်နိုင်ငံကို သြဂုတ်လမှာ ပြန်လည်ရောက်ရှိမယ်လို့ ဆိုပါတယ်။


ဂျပန်နိုင်ငံက အကြီးဆုံးစစ်သင်္ဘောကို မေလမှစပြီး တောင်တရုတ်ပင်လယ်ပြင်တစ်လျှောက် သုံးလကြာ စေလွှတ်သွားမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်သင်္ဘောစေလွှတ်မှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဂျပန်နိုင်ငံက ၎င်းရဲ့ရေတပ်အင်အားကို ဒေသတွင်း အကြီးဆုံးပြသမှုလည်း ဖြစ်လာပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း အငြင်းပွားနေတဲ့ ရေပြင်ပိုင်နက် အားလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက ပြောကြားထားပြီး စစ်တပ်အင်အား ချထားမှုတွေလည်း လုပ်ဆောင်လာခဲ့ရာ ဂျပန်နဲ့ အနောက်အုပ်စုက စိုးရိမ်မှုတွေ ရှိနေပါတယ်။
အမေရိကန်က တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာသွားလာနိုင်ရေးအတွက် လေကြောင်းနဲ့ ရေကြောင်း ကင်းလှည့်မှုတွေ ပြုလုပ်လာပါတယ်။ ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်တစ်လျှောက် ရေတပ်အင်အားပြသတဲ့ အနေဖြင့် စေလွှတ်သွားမယ့် အစ်ဇူမို (Izumo) ရဟတ်ယာဉ်တင်စစ်သင်္ဘောဟာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာ နိုင်ငံတို့မှာ ဝင်ရောက်ရပ်နားမှာဖြစ်ပြီး ဇူလိုင်လမှာ အိန္ဒိယ၊ အမေရိကန်တို့မှ စစ်သင်္ဘောများနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အစ်ဇူမိုစစ်သင်္ဘောဟာ ဂျပန်နိုင်ငံကို သြဂုတ်လမှာ ပြန်လည်ရောက်ရှိမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အစ်ဇူမိုစစ်သင်္ဘောရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် ရည်ရွယ်ပြီး တောင်တရုတ်ပင်လယ်ပြင်အတွင်း စေလွှတ်ခြင်းဖြစ်ကြောင်းနဲ့ အမေရိကန်ရေတပ်နဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်သွားမယ်လို့ ဂျပန်စစ်ဘက်မှ သတင်းရင်းမြစ်က ပြောကြားတယ်လို့ ဆိုပါတယ်။ ဂျပန် ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ စစ်သင်္ဘောသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။
ငါးဖမ်းလုပ်ငန်းနေရာများ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သံယဇာတတွေ ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်များကို ထိုင်ဝမ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောထားပြီး သက်ဆိုင်ရာ နိုင်ငံများအကြား အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် ရေလမ်းကြောင်းကို အသုံးပြုပြီး နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ကုန်သွယ်မှုတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ ၅ ထရီလီယံရှိကြောင်း သိရပါတယ်။