Monday, March 13, 2017

၈ နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ လကမ္ဘာ စူစမ်းလေ့လာရေးယာဉ် ပြန်လည်တွေ့ရှိ

လွှတ်တင်အပြီး တစ်နှစ်နီးပါးအကြာမှာ မြေပြင်ထိန်းချုပ်ရေးစခန်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
   
အိန္ဒိယရဲ့ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်

လကိုလေ့လာရန်အတွက် အာကာသအတွင်း လွှတ်တင်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ်ကို အမေရိကန် အာကာသအေဂျင်စီ နာဆာ (NASA) က ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အိန္ဒိယ အာကာသစူးစမ်းလေ့လာရေး အဖွဲ့အစည်း (Indian Space Research Organisation - ISRO) က လကိုလေ့လာရန်အတွက် ၂၀၀၈ ခုနှစ်မှာ ချန်ဒြာယန်-၁ (Chandrayaan-1) အာကာသယာဉ်ကို လရဲ့ပတ်လမ်းသို့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တင်အပြီး တစ်နှစ်နီးပါးအကြာမှာ Chandrayaan-1 နဲ့ မြေပြင်ထိန်းချုပ်ရေးစခန်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
play

ISRO က Chandrayaan-1 ဟာ လမျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။ Chandrayaan-1 ဟာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားချိန် မတိုင်မီအထိ လပေါ်မှာ ရေမော်လီကျူးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြခဲ့ပါတယ်။ လွှတ်တင်ခဲ့ပြီးနောက် အာကာသအတွင်း ၈ နှစ်ကြာ ပျောက်ဆုံးနေခဲ့ရာမှ ယခုအခါမှာတော့ Chandrayaan-1 ကို နာဆာအဖွဲ့ရဲ့ ကယ်လီဖိုးနီယားပြည်နယ်ရှိ Jet Propulsion Laboratory (JPL) က ရေဒါနည်းပညာသစ်ဖြင့် ပြန်ရှာတွေ့ခဲ့ပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
play

၎င်းတို့ရဲ့ တွက်ချက်မှုများအရ Chandrayaan-1 ဟာ လမျက်နှာပြင်အထက် ၁၂၄ မိုင်မှာ လကိုလှည့်ပတ်နေဆဲဖြစ်ကြောင်း JPL ဘလော့မှာ မတ်လ ၉ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။ နာဆာအဖွဲ့က ရေဒါနည်းပညာသစ်သုံးပြီး ၎င်းတို့ လွှတ်တင်ထားခဲ့တဲ့ Lunar Reconnaissance Orbiter စူးစမ်းလေ့လာရေးယာဉ်ကိုလည်း ရှာဖွေရန် စီစဉ်ခဲ့ကြောင်း သိရပါတယ်။
Chandrayaan-1 စူးစမ်းလေ့လာရေးယာဉ်ကို ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်မှာ အိန္ဒိယက လွှတ်တင်ခဲ့ပြီး ထိုနှစ်ရဲ့ နိုဝင်ဘာ ၈ ရက်မှာ လရဲပတ်လမ်းအတွင်းကို ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ၂၀၀၉ ခုနှစ် သြဂုတ် ၂၈ ရက်မှာ နောက်ဆုံးအကြိမ် ဆက်သွယ်နိုင်ခဲ့ပြီးနောက် ISRO နဲ့ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။
Source & Photo: NDTV, CNA