Monday, March 13, 2017

မလေးရှားမှာ အိုင်အက်စ်အကြမ်းဖက်သမားအဖြစ် သံသယရှိသူများကို ဖမ်းဆီး

ဆဘားဒေသဟာ အစွန်းရောက်တွေအတွက် ခရီးတစ်ထောက်ရပ်နားတဲ့ နေရာဖြစ်လာခြင်းအပေါ် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မလေးရှားမှာ အိုင်အက်စ်အဖွဲ့ဝင်အဖြစ် သံသယရှိသူများကို ဖမ်းဆီး

မလေးရှားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ မလေးရှား ၂ ဦးနဲ့ ဖိလစ်ပိုင် ၅ ဦး ပါဝင်တဲ့ အဆိုပါအုပ်စုကို မတ်လ ၈ ရက်နဲ့ ၁၂ ရက်ကြား ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း ဆဘားနဲ့ ဆီလန်ဂေါတို့မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ် ခါလစ်အဘူဘာကာက ပြောပါတယ်။
ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ ၇ ဦးအနက် မလေးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိ အမျိုးသမီးတစ်ဦးနဲ့ ဖိလစ်ပိုင် ၂ ဦးဟာ မလေးရှားနဲ့ အင်ဒိုနီးရှားမှ အစွန်းရောက်တွေကို ဖိလစ်ပိုင်တောင်ပိုင်းသို့ သွားရောက်ကာ အိုင်အက်စ်အဖွဲ့ထံ ပူးပေါင်းနိုင်ရန် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
play

မလေးရှားအမျိုးသမီး လူဝင်မှုကြီးကြပ်ရေးအရာရှိဟာ ဆဘားပြည်နယ် စန်ဒါကန်လေဆိပ်မှာ တာဝန်ကျခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေကို စစ်ဆေးရသူဖြစ်ပါတယ်။ ၎င်းက မလေးရှားနဲ့ အင်ဒိုနီးရှားမှ အိုင်အက်စ်အဖွဲ့ဝင်တွေ အပါအဝင် ခရီးသွားမှုဆိုင်ရာ စာရွက်စာတမ်း မပြည့်စုံတဲ့ အကြမ်းဖက်သမားတွေကို ဆဘားပြည်နယ်မှတစ်ဆင့် ဖိလစ်ပိုင်ကို သွားရောက်နိုင်ရန် ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ယခု ဖမ်းဆီးမှုဟာ ဖိလစ်ပိုင်တောင်ပိုင်းကို အကြမ်းသမားများ တရားမဝင် သွားရောက်ရန်ကြိုးပမ်းမှုကို ဒုတိယအကြိမ် ဖမ်းဆီးမှုလည်း ဖြစ်လာပြီး မလေးရှားနိုင်ငံ ဆဘားဒေသဟာ အစွန်းရောက်တွေအတွက် ခရီးတစ်ထောက်ရပ်နားတဲ့ နေရာဖြစ်လာခြင်းအပေါ် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
play

မလေးရှားက ဖမ်းဆီးခဲ့တဲ့ အခြား ဖိလစ်ပိုင် ၂ ဦးမှာ အသက် ၅၀ နှစ်အရွယ် ကူးတို့သင်္ဘော လက်မှတ်ရောင်းသူ အမျိုးသမီးနဲ့ အသက် ၅၃ နှစ်အရွယ် ဆောက်လုပ်ရေး လုပ်သားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ဟာ အင်ဒိုနီးရှား အိုင်အက်စ် အကြမ်းဖက်သမားတွေကို ဆဘားမှတစ်ဆင့် ဖိလစ်ပိုင်သို့ ပို့ဆောင်ပေးရန် စီစဉ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ် ဖမ်းဆီးခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား ၂ ဦးမှာ အသက် ၂၇ နှစ်နဲ့ ၁၈ နှစ်အရွယ်ဖြစ်ကြပြီး ၎င်းတို့ဟာ ဖိလစ်ပိုင်တောင်ပိုင်းမှာ ၂၀၁၄ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တဲ့ မာမွတ်အာမက်နဲ့ မိုဟာမက် ဂျိုရိုင်မီးတို့အတွက် ငွေစုဆောင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခြား ဖိလစ်ပိုင်တစ်ဦးမှာ ဆဘားပြည်နယ် စန်ဒါကန်မှာ ကားပြင်သူအဖြစ် အလုပ်လုပ်ကိုင်နေပြီး ဆီးရီးယားနိုင်ငံသို့ သွားရောက်ကာ အိုင်အက်စ်အဖွဲ့ထံ ပူးပေါင်းရန် စီစဉ်နေမှုဖြင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ၂၀၁၃ ခုနှစ်မှစပြီး လက်ရှိအချိန်ထိ အိုင်အက်စ်အဖွဲ့ဝင်အဖြစ် သံသယရှိသူ ၂၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်