၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းစစ်ကြောင့် ဆီးရီးယားကလေးငယ် ၆၅၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း ၂၀၁၆ ခုနှစ်မှာ ကလေးငယ်များသေဆုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ကလေးများရန်ပုံငွေအဖွဲ့အစည်း (UNICEF) က ပြောကြားပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ၂၀၁၆ ခုနှစ်အတွင်း ကလေးများသေဆုံးရမှုဟာ ၂၀၁၅ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်းစစ်ကြောင့် ဆီးရီးယားကလေးငယ် ၆၅၂ ဦးထက်မနည်း သေဆုံးခဲ့ရာ ၂၅၅ ဦးဟာ စာသင်ကျောင်းအတွင်း သိုမဟုတ် စာသင်ကျောင်းအနီး ရှိနေစဉ် သေဆုံးခဲ့ကြကြောင်းလည်း UNICEF က ပြောပါတယ်။
UNICEF က ထုတ်ပြန်လိုက်တဲ့ စာရင်းဟာ အတည်ပြုနိုင်ခဲ့သမျှသာဖြစ်ပြီး ကလေးငယ်များ သေဆုံးရမှုဟာ ယခုစာရင်းထက် ပိုများနိုင်ကြောင်းလည်း သိရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဆီးရီးယားပြည်တွင်းစစ်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၈၅၀ ကျော်ကို တိုက်ခိုက်ရေးသမားတွေအဖြစ် ပါဝင်စေခဲ့ကြောင်းလည်း UNICEF က ပြောထားပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ဆီးရီးယားပြည်တွင်းစစ်မှာ ကလေးသူငယ်များကို ပါဝင်စေမှုဟာလည်း ၂၀၁၅ ခုနှစ်ကထက် နှစ်ဆမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
ကလေးသူငယ်တွေကို ပြည်တွင်းစစ်အတွင်း ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်တိုက်ခိုက်စေခြင်း သို့မဟုတ် ကွပ်မျက်မှုများ ပြုလုပ်စေခြင်း၊ အသေခံဗုံးခွဲစေခြင်းနဲ့ အကျဉ်းထောင်အစောင့်အဖြစ် လုပ်ဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာ နေ့စဉ် သန်းနဲ့ချီတဲ့ အရေအတွက်ရှိ ကလေးငယ်တွေဟာ တိုက်ခိုက်ခံနေရပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာ နေထိုင်ကြရပါတယ်။
လက်ရှိမှာ ဆီးရီးယားကလေးငယ် ၆ သန်းဟာ ပြည်တွင်းစစ်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် မှီခိုနေကြရကြောင်းလည်း သိရပါတယ်။ ကလေးငယ် ၂.၃ သန်းဟာ ဆီးရီးယားမှ ထွက်ပြေးသွားခဲ့ကြပေမဲ့ ထွက်မပြေးနိုင်တဲ့ ကလေးငယ် ၂.၈ သန်းဟာ သွားလာရခက်ခဲတဲ့ နေရာဒေသတွေမှာ ပိတ်မိနေကြောင်း UNICEF က ပြောပါတယ်။
ဆီးရီးယားမှာ သမ္မတ ဘရှားအာဆတ်ကို ၂၀၁၁ ခုနှစ်မှာ တော်လှန်ပုန်ကုန်မှု စတင်ခဲ့ပြီးနောက် လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး အခြား လူ ၁၁ သန်းဟာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source & Photo: UNICEF, AFP
Source & Photo: UNICEF, AFP





